၂၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး တာဝါတိုင်တွေမှာ တပ်ဆင်ထားတဲ့ မြေစိုက်ကြိုး (Earth Wire)၊ တာဝါတိုင် အောက်ခြေက သံဘောင်နဲ့ ဘို့နပ်တွေကို ဖြုတ်ပြီး ခိုးယူခံရတာတွေကြောင့် ဓာတ်အားစနစ်မှာ System Breakdown ဖြစ်နေရတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ ဓာတ်အားပို့လွှတ်ရေးစနစ် ပိုမိုကြံ့ခိုင်လာစေဖို့ အားဖြည့် တည်ဆောက်တာတွေ ဆက်လက်လုပ်ဆောင်နေသလို ပြည်သူတွေ ပိုမိုအသုံးပြုနိုင်ဖို့အတွက်လည်း ဓာတ်အားဖြန့်ဖြူးမှုကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
လက်ရှိ ဓာတ်အားစနစ်မှာ အခက်အခဲ တစ်ခုကတော့ မဟာဓာတ်အားလိုင်းကြီးအချို့ ပျက်စီးနေတဲ့အတွက် ကျန်ရှိနေတဲ့ ဓာတ်အားလိုင်းတွေက ပုံမှန်ထက် ပိုများတဲ့ ဝန်အားကို ဆက်လက်သယ်ဆောင်နေရတာလို့လည်း ဆိုထားပါတယ်။
တာဝါတိုင်တွေမှာ မိုးကြိုးလျှပ်စီးအန္တရာယ်ကနေ ဓာတ်အားစနစ်ကို ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ Earth Wire တွေကို ဖြတ်ပြီး ခိုးယူနေကြလို့ ဓာတ်အားလိုင်းတွေက ဝန်ပိုကို အချိန်ကြာကြာ သယ်ဆောင်နေရတာနဲ့အမျှ ဝန်သယ်ကြိုးတွေမှာ ဒဏ်ဖြစ်လာပြီး လျှပ်စစ်သယ်ဆောင်နိုင်တဲ့ ပမာဏလည်း လျော့ကျလာနိုင်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
Earth Wire မရှိရင် ဓာတ်အားစနစ်မှာ မိုးကြိုးလျှပ်စီးဒဏ်ကို အပြည့်အဝ ကာကွယ်နိုင်တဲ့အခြေအနေ မရှိတော့ဘဲ ဝန်သယ်ကြိုးတွေမှာ ထိခိုက်မှုတွေ ပိုဖြစ်လာပြီး အဲဒီကနေ တစ်ဆင့် ဓာတ်အားလိုင်းကြိုး ပြတ်ကျတာတွေ ဖြစ်နိုင်သလို System Breakdown တွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း တာဝါတိုင်အခြေက သံဘောင်တွေနဲ့ ဘို့နပ်တွေ ခိုးယူခံရလို့ တာဝါတိုင်တွေရဲ့ ခိုင်ခံ့မှု လျော့ကျလာနိုင်ပြီး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေမှာ တာဝါတိုင်ပြိုလဲမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုထားပါတယ်။
ထို့အပြင် ဘို့နပ်တွေ ဖြုတ်ယူလို့မရအောင် အချို့နေရာတွေမှာ လျှပ်စစ် ဂဟေဆော်ပြီး ဆက်ထားရတဲ့အတွက် ရေရှည်မှာ အဲဒီနေရာတွေ သံချေးစားပြီး တာဝါတိုင်ကျိုးပြတ်နိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါ့အပြင် လက်ရှိဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်းမှာလည်း System Breakdown ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဓာတ်အားစနစ် ပြန်လည်ကောင်းမွန်ရေး ဓာတ်အားလိုင်းတွေကို ပြန်လည်ပြုပြင်ခြင်း၊ အခြားဓာတ်အားပေးစက်ရုံတွေကနေတစ်ဆင့် ပြန်လည်ချိတ်ဆက်ပို့လွှတ်ခြင်းတွေ ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
ယခုလ စက်တင်ဘာအတွင်း System Breakdown (၄) ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့ရပြီး ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ နာရီနဲ့ချီပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
#တာဝါတိုင်Earth Wire
#သံဘောင်၊ဘို့နပ်

