၃ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
သဘာဝဘေးဒဏ်ကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ နီပေါနိုင်ငံမှ ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၅) သိန်းနဲ့ ပဲမျိုးစုံ (၈) တန်ကို မြန်မာနိုင်ငံက ကူညီထောက်ပံ့ပေးပို့လိုက်ပါတယ်။
ဒီကူညီထောက်ပံ့မှုဟာ နီပေါပြည်သူတွေအပေါ် မြန်မာအစိုးရနဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာ ထောက်ထားမှု အရ ပေးအပ်တဲ့ အကူအညီဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေး ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုးက ပြောပါတယ်။
နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေ ပိုမိုတိုးတက်လာဖို့ မျှော်လင့်ကြောင်းနဲ့ သဘာဝဘေးသင့်ပြည်သူတွေ အမြန်ဆုံး ပုံမှန်ဘဝဆီ ပြန်လည်ရောက်ရှိနိုင်ဖို့ ဆုမွန်ကောင်း တောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးကတော့ မြန်မာအစိုးရနဲ့ ပြည်သူတွေရဲ့ ကူညီပံ့ပိုးမှုအတွက် အထူးကျေးဇူးတင်ကြောင်းနဲ့ ရရှိလာတဲ့ အကူအညီတွေကို သဘာဝဘေးသင့် ပြည်သူတွေအတွက် ထိရောက်စွာ အသုံးပြုသွားမယ်လို့လည်း ဆိုပါတယ်။
နီပေါ-တိဗက်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် လူအများအပြား ထိခိုက်သေဆုံး၊ ပျောက်ဆုံးခဲ့ရပြီး နောက်ဆုံးထုတ်ပြန်ချက်တွေအရ သေဆုံးသူ အနည်းဆုံး ၁,၁၁၄ ဦးရှိကာ ၄,၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

