အရက်သောက်သုံးမှုကြောင့် တာချီလိတ်မှ ရဟန်းတစ်ပါးကို ထပ်မံလူဝတ်လဲစေခဲ့


အရက်သောက်သုံးမှုကြောင့် တာချီလိတ်မှ ရဟန်းတစ်ပါးကို ထပ်မံလူဝတ်လဲစေခဲ့

၂၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ သီရိဟံသာကျောင်းတိုက်မှ ရဟန်းတစ်ပါး ဝိနည်းတော်နဲ့မညီဘဲ အရက်သောက်သုံးလို့ အောက်တိုဘာ ၁၉ ရက်မှာ လူဝတ်လဲလိုက်တယ်လို့ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံက သိရပါတယ်။

အဆိုပါ ရဟန်းသည် သီရိဟံသာကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်သူဖြစ်ပြီး အရက်သောက်သုံးနေလို့ ကျောင်းတိုက်ရှိ သံဃာတော်များ၏ ဆုံးဖြတ်ချက်နဲ့ ကျောင်းမှ ထွက်ခွာစေခဲ့ပြီးနောက် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးမှာ အရက်မူးလျက်သွားလာနေတာကို တွေ့ရှိခဲ့တာလို့ ဒေသခံများထံက သိရပါတယ်။

“မနေ့ကတော့ တံတားအဖွဲ့တွေက လာအပ်တာပဲ။ သူတို့က ပြန်သွားတာ။ တံတားအဖွဲ့ကနေ ဒီဝမ်ကောင်းရပ်ကွက်ကို လှမ်းအကြောင်းကြားပြီး ဝမ်ကောင်းရပ်ကွက်ကနေ ဖမ်းပြီး ဘုန်းကြီးကျောင်းကို လာပို့တာ။”ဟု သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်ဆရာတော်က အရှေ့သံလွင်သတင်းမီဒီယာသို့ မိန့်ကြားပါတယ်။

အရက်သောက်လို့ လူဝတ်လဲစေခဲ့တဲ့ ရဟန်းရဲ့ ဘွဲ့အမည်မှာ ဦးဥတ္တမ ဖြစ်ပြီး လူအမည်မှာ စိုင်းထွန်အောင်ဖြစ်ကာ အသက် ၄၅ နှစ်၊ ဝါတော် ၂ ဝါရှိသူလို့ သိရပါတယ်။

တာချီလိတ်မြို့နယ် သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သည် သံဃာတော်များ၏ စည်းကမ်းနဲ့ ဝိနည်းတော်ဆိုင်ရာ လိုက်နာမှုများကို စောင့်ကြည့်နိုင်ရန် တစ်ပတ်ကို နှစ်ကြိမ် ကွင်းဆင်းစစ်ဆေးလျက်ရှိပါတယ်။

စစ်ဆေးစဉ် သတိပေးမှုများကို လိုက်နာခြင်း မရှိဘဲ ငါးကြိမ်နဲ့အထက် တွေ့ရှိပါက မြို့နယ်သံဃာ့နာယကအဖွဲ့နှင့် ညှိနှိုင်းကာ လိုအပ်သလို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

#တာချီလိတ်

#ရဟန်းတစ်ပါး

#အရက်သေစာသောက်စားမှု

#လူဝတ်လဲ

ဆက်စပ်သတင်းများ

Eastern Thanlwin