၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
အယ်လ်နီညိုကာလအတွင်း ရန်ကုန်မြို့မှာ ရေပြတ်လပ်မှုမဖြစ်စေဖို့ အရေးပေါ်ရေပေးစခန်း ၁၆ ခု ပြင်ဆင်ထားတဲ့အပြင် ရေပေးဝေရေးနဲ့ ပတ်သက်တဲ့ ကြိုတင်စီမံမှုတွေကိုလည်း လုပ်ဆောင် ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
အရေးပေါ်ရေပေးစခန်း ၁၆ ခု ပြင်ဆင်ထားတယ်ဟုသာ ထုတ်ပြန်လာပြီး ရေပေးဝေနိုင်မယ့် ဂါလံနဲ့ နေရာတွေကိုတော့ အသေးစိတ်ဖော်ပြထားတာတော့ မရှိသေးပါဘူး။
လက်ရှိမှာ ရန်ကုန်မြို့ကို ရေလှောင်ကန်တွေ၊ ရေသန့်စင်စက်ရုံတွေနဲ့ မြေအောက်ရေပေးဝေရေး စနစ်တွေကနေ တစ်ဆင့် နေ့စဉ် ရေဂါလန် ၂၄၄ သန်းအထိ ပေးဝေနေပါတယ်။
ရေပေးဝေရေးလုပ်ငန်းစဉ်မှာ ပထမဆုံးအနေနဲ့ လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီးနဲ့ ငမိုးရိပ်စတဲ့ ရေအရင်းအမြစ်တွေကနေ ရေကို ရယူပြီး ရရှိလာတဲ့ရေကို လိုအပ်သလို သန့်စင်စစ်ထုတ်ကာ ရေတွန်းစက်တွေနဲ့ အဓိကပိုက်လိုင်းတွေထဲ ပို့ဆောင်ပြီး မြို့နယ်အသီးသီးရှိ ဖြန့်ဖြူးရေးပိုက်လိုင်းတွေကတစ်ဆင့် ပြည်သူတွေဆီ ပေးဝေနေတာ သိရပါတယ်။
ရန်ကုန်မြို့ရဲ့ လက်ရှိရေပေးဝေရေးကွန်ရက်မှာ ရေပို့လွှတ်တဲ့ ပိုက်လိုင်း ၄၈၆ မိုင်နဲ့ ရေဖြန့်ဖြူးရေးပိုက်လိုင်း ၁,၂၅၆ မိုင်အပြင် ရေတွန်းစက်ရုံနဲ့ ရေဖြန့်ဖြူးရေးဆိုင်ရာ အဆောက်အအုံတွေ ပါဝင်ပါတယ်။
ဒီကွန်ရက်ကနေ မြို့ဧရိယာရဲ့ ၆၁ ရာခိုင်နှုန်းကို လွှမ်းခြုံပေးဝေနေပြီး မီတာတပ်ဆင်ထားတဲ့ ရေပေးဝေရေးစနစ်ကနေ လူဦးရေ ၃.၁၉ သန်းခန့်ကို ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြေအောက်ရေကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် ရေအရင်းအမြစ် လျော့နည်းလာခြင်း၊ ဆားငန်ရေ ဝင်ရောက်လာခြင်းနဲ့ မြေသားနိမ့်ကျခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် ကော့ကွတ်ဝါနဲ့ တိုးမြစ် ရေပေးဝေရေးစီမံကိန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။
ရေအရင်းအမြစ်အသစ်တွေကနေ လုံလောက်တဲ့ရေ ပေးဝေနိုင်လာတဲ့အခါ မြေအောက်ရေအပေါ် မှီခိုမှုကို တဖြည်းဖြည်း လျှော့ချဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အယ်လ်နီညိုဖြစ်ပေါ်လာတဲ့အခါ မိုးရွာသွန်းမှု လျော့နည်းခြင်းနဲ့ အပူချိန်မြင့်တက်ခြင်းတို့ကြောင့် ရေအရင်းအမြစ်တွေအပေါ် သက်ရောက်မှုရှိလာနိုင်တာကြောင့် လာမယ့်ကာလမှာ ပြည်သူတွေအတွက် ရေလုံလောက်စွာ ပေးဝေနိုင်ဖို့ ရေအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲခြင်းနဲ့ အရေးပေါ် ရေပေးဝေရေး အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

