Language:

ဖုန်းဟန်းဆက်တွေ ဈေးကြီးနေတဲ့အပေါ် ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေ


ဖုန်းဟန်းဆက်တွေ ဈေးကြီးနေတဲ့အပေါ် ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေ

၃ သြဂုတ်လ ၂၀၂၆(Eastern ThanLwin)

NPW

ဗဟို မိုဘိုင်းလ်စက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)စတင်ပြီးနောက် ဟန်းဆက်တွေ ဈေးကြီးလာတဲ့အတွက် ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်အောင် ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ ပြည်သူ့လွှတ်တော် ပို့ဆောင်ဆက်သွယ်ရေး ဒီဂျစ်တယ်နဲ့ သိပ္ပံနည်းပညာကော်မတီဥက္ကဌ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

သြဂုတ်လ ၁ ရက်နေ့ကပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ GSM ဟန်းဖုန်းတွေကို တင်သွင်းရောင်းချတဲ့နေရာမှာ ဈေးကြီးနေတဲ့အပေါ်မှာ အများပြည်သူတွေ ဈေးသက်သက်သာသာနဲ့ မိုဘိုင်းလ်ဖုန်းတွေ ကိုင်နိုင်ဖို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာရှိတယ်။ တကယ်လို့ အဲကိစ္စတွေ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းတာအောင်မြင်မယ်ဆိုရင် ဖုန်းတွေရဲ့ ဈေးတွေက လျော့ကျသွားနိုင်တာပေါ့” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။

ဒါ့အပြင် အင်တာနက်ဒေတာ Package တွေ ဝယ်ယူအသုံးတာမှာ Package ဈေးနှုန်းကြီးမြင့်လာပြီး သုံးစွဲသူတွေရဲ့ နစ်နာမှုတွေ တိုင်ကြားထားတာရှိတဲ့အတွက် ဝန်ကြီးဌာန၊ အော်ပရေတာတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ် မေလ ၅ ရက်ကစပြီး မိုဘိုင်းလ်ဖုန်း ဟန်းဆက်တွေကို ဗဟိုမိုဘိုင်းလ်စက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) မှာ မှတ်ပုံတင်ပြီးမှ အသုံးပြုခွင့် စတင်ပြီးနောက်ပိုင်းမှာ မိုဘိုင်းဟန်းဆက်တွေရဲ့ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုပေးနေတဲ့ Mobile အော်ပရေတာ ကွန်ရက် (၄)ခုရှိပြီး ၂၀၂၆ ခုနှစ် စစ်တမ်းအရ မိုဘိုင်းလ်ဖုန်းသုံးစွဲသူ အရေအတွက် (၆၂.၅)သန်းကျော် ရှိတဲ့အတွက် လူဦးရေစစ်တမ်း(၅၄.၉)သန်းထက် ပိုမိုကျော်လွန်သုံးစွဲနေတာဖြစ်တဲ့အတွက် လူတစ်ဦးလျှင် ဆင်းကဒ်(၁)ခုထက် ပိုမိုအသုံးပြုနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

#မိုဘိုင်းလ်ဖုန်း

#ဟန်းဆက်

#ဈေးနှုန်း

#CEIR

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin