၃ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
မယ်ဆိုင်ချောင်း ရေဘေးအန္တရာယ်အတွက် ထိုင်းနိုင်ငံမှ ဘတ်ဂျက် (၃.၄)ဘီလီယံဘတ် အသုံးပြုပြီး ကြိုတင်ကာကွယ်ရေးများ ဆောင်ရွက်နေတာဖြစ်တယ်လို့ ထိုင်းနိုင်ငံက သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မယ်ဆိုင်မြို့ မယ်ဆိုင်ချောင်းတစ်လျှောက် ရေတားတမံများ တည်ဆောက်ရေးနဲ့ နှစ်နိုင်ငံ ကျူးကျော်နေအိမ်များ ဖယ်ရှားရေးအတွက် ထိုင်းဘတ်(၃.၄)ဘီလီယံ အသုံးပြုပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်နေတာဖြစ်ပါတယ်။
“မယ်ဆိုင်မှာ ဒီနှစ် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ထိုင်းအစိုးရက တကယ်အားစိုက်ပြီးလုပ်နေတာ။ ရေမြောင်းတွေဆိုရင်လည်း ပိုက်တွေချပြီး လုပ်နေတာ။ ရေတားတမံတွေဆိုလည်း အမြင့်ကြီးတွေဘဲ” လို့ မယ်ဆိုင်မြို့မှာ နှစ်ပေါင်း(၂၀)ကျော်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ရေဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသားတွေကို အဆက်မပြတ် သတိပေးနှိုးဆော်ထားတာတွေရှိသလို ချောင်းရေ အတက်အကျစောင့်ကြည့်ရေး ကိရိယာတွေက အချက်အလက်တွေကိုလည်း အများပြည်သူသိအောင် ထုတ်ပြန်နေတာတွေလည်း ရှိပါတယ်။
ထိုင်းအစိုးရက ရေတားတမံတည်ဆောက်ရေးအတွက် ဘတ်ငွေ(၁.၆)ဘီလီယံနဲ့ မယ်ဆိုင်ချောင်းအနီး ဟူဖိုင်၊ ကော့ဆိုင်နဲ့ ဆိုင်လုံကျွိုင်းရပ်ကွက်(၃)ခုက နေအိမ်ပေါင်း (၈၄၃)လုံးဖယ်ရှားဖို့ ဘတ်(၁.၈)ဘီလီယံကို လျော်ကြေးငွေပေးပြီး ဖြိုဖျက်ခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားတာပါ။
ဒါအပြင် နှစ်ရှည်စီမံကိန်း ရေးဆွဲရန်အတွက် ထိုင်းဘတ်(၂၄)သန်း အသုံးပြုပြီး မယ်ဆိုင်ချောင်းဆိုင်ရာ လေ့လာစမ်းစစ်ရေး၊ ရေဘေးအန္တရာယ်ဆိုင်ရာ မဟာဗျူဟာ ရေးဆွဲရေးအတွက် (၅)နှစ်တာ ဘတ်ဂျက်ရေးဆွဲပြီး ထိုင်းအစိုးရက ချပေးထားတယ်လို့လည်း သိရပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ထိစပ်နေတဲ့ မယ်ဆိုင်မြို့က ရေဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး မဟာဗျူဟာစီမံကိန်းတွေကို ဒေသခံတွေသိရှိအောင် ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။
မယ်ဆိုင်ချောင်း ရေဘေးအန္တရာယ်အတွက် မြန်မာအာဏာပိုင်တွေက ရေတားတမံ တည်ဆောက်ရေးနဲ့ ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ထားပြီး ချောင်းမြေမျက်နှာပြင် တူးဖော်ရေးလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို အစိုးရက တင်ဒါစနစ်နဲ့ ချပေးပြီး ဆောင်ရွက်ထားတဲ့အပြင် ဒေသခံလုပ်ငန်းရှင်များက ငွေကြေးစိုက်ထုတ် လှူဒါန်းကာ လုပ်ဆောင်ခဲ့တယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

