၃ ဇူလှိုင်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
တာချီလိတ်မြို့ လေယာဉ်ကွင်းအနီး ဟွေခိုက်ရပ်ကွက်၊ ဝမ်ဟောင်ကျေးရွာအတွင်းက ဝမ်ဟောင်လမ်းမှာ ပျက်စီးပြီး သွားလာရခက်ခဲနေတဲ့အတွက် ပြန်လည် ပြုပြင်ပေးစေချင်တယ်လို့ ရပ်ကွက်တွင်း နေထိုင်တဲ့ ဒေသခံတွေက အရှေ့သံလွင်မီဒီယာကို ပြောပါတယ်။
ဝမ်ဟောင်လမ်းမှာ ကျေးရွာအတွင်း အဓိကလမ်းမဖြစ်နေတဲ့အတွက် လမ်းတစ်လျှောက် ရေအိုင်များ ချိုင့်များဖြစ်ပေါ်နေတဲ့အတွက် သွားလာရခက်ခဲနေတာဖြစ်ပါတယ်။
“အဲ့ဒီလမ်းက ပျက်စီးနေတာကြာနေပြီ။ ရပ်ကွက်နေပြည်သူများအနေနဲ့လည်း ကိုယ်ထူကိုထ လုပ်ပေးကြဖို့လိုတယ်။ အခုက တချို့အိမ်တွေဆို ကိုယ့်အိမ်အနားမှာ ရေမြောင်းလေးတောင် မဖောက်ကြဘူး။ ရေကြီးရင် လမ်းကပျက်စီးပြီ။ ဖြစ်နိုင်ရင်တော့ အားလုံးအတူပါဝင်ပြီး ပြုပြင်စေချင်တယ်လို့” ဒေသခံတစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
ဝမ်ဟောင်လမ်းမှာ ဟောင်လိတ်ရပ်ကွက် ဟွေခိုက်ကျေးရွာအတွင်း ပါဝင်တာဖြစ်ပြီး ယခင် (၅)နှစ်ခန့်က လူနေအိမ် ခပ်ကျဲကျဲဖြစ်နေပမယ့် ယခုအခါ နေအိမ်အသစ် ဆောက်လုပ်လာတာတွေ များပြားပြီး အိမ်ခြေပိုမိုများပြားလာတဲ့အတွက် လမ်းကိုပြုပြင်ပေးစေလိုတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟွေခိုက်ရက်ကွက် ဝမ်ဟောင်လမ်းတစ်လျှောက်လုံးဟာ အရင်က လူအသွားအလာနည်းပေမယ့် ခုလက်ရှိမှာတော့ လေဆိပ်ဖက်ကိုသွားလာတဲ့ ဖြတ်လမ်းဖြစ်ပြီး မြို့အတွင်းမိန်းလမ်းဖြစ်တဲ့ ဗိုလ်ချုပ်လမ်းပေါ်ကသွားရင် ကားကြပ်တာမျိုးတွေလည်းရှိတာကြောင့် အချိန်ကုန်သက်သာအောင်နှင့် ဒေသခံတွေအတွက်လည်း အသွားအလာ အဆင်ပြေဖို့အတွက် ပြည်သူတွေအနေနဲ့ မျှော်လင့်နေတယ်လို့လည်းသိရပါတယ်။

