၂၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
စူပါအယ်လ်နီညို ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် ၁၄ ခုနဲ့ မြို့နယ် ၄၅ မြို့နယ်မှာ လူဦးရေ ၁၅၂,၆၈၅ ဦးအထိ ယာယီခိုလှုံနိုင်မယ့် အပူရှောင်စခန်း ၆၂၆ ခုကို ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
မနေ့က အောက်တိုဘာ ၁၉ ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနဲ့ သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးအောင်ပြည့်ဖြိုးက ရပ်ကွက်နဲ့ မြို့နယ်အလိုက် ပြည်သူ့အခြေပြု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းဆောင်ရွက်ထားမှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဝန်ကြီးက ပြန်လည်ဖြေကြားရင်း အပူရှောင်စခန်းတွေအကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။
လက်ရှိဖွင့်လှစ်ထားတဲ့ အပူရှောင်စခန်း ၆၂၆ ခုမှာ ပြည်သူ ၁၅၀,၀၀၀ ကျော် ယာယီအပူရှောင်နိုင်မှာ ဖြစ်ပြီး အပူချိန်မြင့်တက်လာနိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ် တစ်ရပ်ဖြစ်ပါတယ်။
အယ်လ်နီညိုကာလအတွင်း ရန်ကုန်မြို့မှာ ရေပြတ်လပ်မှု မဖြစ်စေဖို့ အရေးပေါ်ရေပေးဝေရေးစခန်း ၁၆ ခု ပြင်ဆင်ထားတဲ့အပြင် ရေပေးဝေရေးနဲ့ ပတ်သက်တဲ့ ကြိုတင်စီမံမှုတွေကိုလည်း ဆောင်ရွက်ထားတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကနဦး ထုတ်ပြန်ထားပါသေးတယ်။
ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ အပူရှောင်စခန်းတွေနဲ့ အယ်နီညိုအတွက် ပြင်ဆင်မှုတွေကို ဆက်တိုက် လုပ်ဆောင်လျက်ရှိပါတယ်။

