Language:

အမေရိကန်တွင် ပထမဆုံး mRNA တုပ်ကွေးကာကွယ်ဆေး အတည်ပြု


အမေရိကန်တွင် ပထမဆုံး mRNA တုပ်ကွေးကာကွယ်ဆေး အတည်ပြု

၁၀ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် mFLUSIVA ကို အတည်ပြုလိုက်ပြီး အမေရိကန်နိုင်ငံတွင် ပထမဆုံးလိုင်စင်ရရှိသည့် mRNA နည်းပညာသုံး တုပ်ကွေးကာကွယ်ဆေး ဖြစ်လာခဲ့သည်။

ယင်းအတည်ပြုချက်မတိုင်မီ တစ်နှစ်အလို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် အမေရိကန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန (HHS) က ဒေါ်လာသန်း ၅၀၀ ခန့်တန်ဖိုးရှိ mRNA ကာကွယ်ဆေးစီမံကိန်း ၂၂ ခုကို ဖျက်သိမ်းခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်ရာတွင် အရေးပါခဲ့သည့် mRNA နည်းပညာအပေါ် အစိုးရရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။

ထိုစဉ်က ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. က mRNA ကာကွယ်ဆေးများသည် ကိုဗစ်နှင့် တုပ်ကွေးကဲ့သို့ အပေါ်ပိုင်းအသက်ရှူလမ်းကြောင်း ရောဂါများကို ကာကွယ်ရာတွင် ထိရောက်မှုမရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် Moderna ၏ အဆင့် (၃) ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုရလဒ်များတွင် mRNA တုပ်ကွေးကာကွယ်ဆေး၏ ထိရောက်မှုကို ထောက်ခံသည့် အချက်အလက်များ ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

ထို့နောက် FDA သည် Moderna ၏ လျှောက်ထားချက်ကို အစပိုင်းတွင် ပြန်လည်သုံးသပ်ရန် ငြင်းဆိုခဲ့သော်လည်း (၁၅) ရက် အကြာတွင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း ဩဂုတ်လ ၅ ရက်နေ့တွင် mFLUSIVA ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တုပ်ကွေးရောဂါကို အမေရိကန်ပြည်သူများက မကြာခဏ လျှော့တွက်လေ့ရှိသော်လည်း ရောဂါ၏ သက်ရောက်မှုမှာ ကြီးမားသည်။

၂၀၂၄-၂၅ တုပ်ကွေးရာသီတွင် အမေရိကန်၌ တုပ်ကွေးရောဂါဖြစ်ပွားသူ (၅၁)သန်း၊ ဆေးရုံတက်ရသူ (၇၁၀,၀၀၀)နှင့် သေဆုံးသူ (၄၅,၀၀၀) ရှိခဲ့သည်။

ထို့အပြင် တုပ်ကွေးရောဂါသည် ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီးနောက်တွင်လည်း ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။ တုပ်ကွေးရောဂါ အတည်ပြုခံရပြီးနောက် တစ်ပတ်အတွင်း နှလုံးဖောက်နိုင်ခြေသည် ပုံမှန်ထက် ခြောက်ဆခန့် မြင့်တက်နိုင်ကြောင်း လေ့လာချက်များက ဖော်ပြထားသည်။

ထိုကြောင့် တုပ်ကွေးကာကွယ်ဆေးများ ပိုမိုထိရောက်ကောင်းမွန်လာရေးသည် အရေးပါသည့် ကျန်းမာရေးကိစ္စတစ်ရပ် ဖြစ်လာသည်။

mFLUSIVA ၏ အတည်ပြုချက်နှင့်ပတ်သက်၍ FDA ၏ ကျွမ်းကျင်သူကော်မတီဝင် (၉) ဦးက ကာကွယ်ဆေး၏ အကျိုးကျေးဇူးများသည် ဖြစ်နိုင်သည့်အန္တရာယ်များထက် ပိုမိုများပြားကြောင်း တညီတညွတ်တည်း မဲပေးခဲ့ကြသည်။

ထူးခြားသည်မှာ အဆိုပါကျွမ်းကျင်သူ (၉) ဦးစလုံးသည် mRNA နည်းပညာအပေါ် အစောပိုင်းက ဆန့်ကျင်သည့် ရပ်တည်ချက်ရှိခဲ့သည့် ကျန်းမာရေးဝန်ကြီး Robert F. Kennedy Jr. လက်ထက်တွင် ခန့်အပ်ထားသူများ ဖြစ်ကြသည်။

သို့သော် သိပ္ပံဆိုင်ရာ အထောက်အထားများကို အခြေခံ၍ ဆုံးဖြတ်ရန် တာဝန်ပေးခဲ့သည့်အခါ ကော်မတီဝင် (၉) ဦးစလုံးက mFLUSIVA ကို ထောက်ခံခဲ့ကြပြီး ကန့်ကွက်မဲ တစ်မဲတောင် မရှိခဲ့ပေ။

ယင်းဖြစ်ရပ်သည် mRNA နည်းပညာအပေါ် အမေရိကန်အစိုးရ၏ မူဝါဒအငြင်းပွားမှုများရှိနေသော်လည်း သိပ္ပံဆိုင်ရာ အထောက်အထားများအပေါ် အခြေခံသည့် ဆေးဝါးအတည်ပြုမှုလုပ်ငန်းစဉ်က ဆက်လက်အရေးပါနေကြောင်း ပြသသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

#ကျန်းမာရေး

#တုတ်ကွေးကာကွယ်ဆေး

#mFLUSIVA

#FDA

#အမေရိကန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia.

ဆက်စပ်သတင်းများ

Eastern Thanlwin