ဗီယက်နမ်က ဥရောပ ၄ နိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး


ဗီယက်နမ်က ဥရောပ ၄ နိုင်ငံနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ဗီယက်နမ်နိုင်ငံဟာ ဥရောပနိုင်ငံ ၄ နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်အသစ်တစ်ရပ်ကို အောက်တိုဘာ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ မြို့တော်ဟနွိုင်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီသဘောတူညီချက်မှာပါဝင်တဲ့ အိုက်စလန်၊ လစ်ခ်တန်စတိုင်း၊ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ဟာ ဥရောပ လွတ်လပ်တဲ့ကုန်သွယ်ရေးအသင်း (EFTA) အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပေမယ့် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်တွေ မဟုတ်ပါဘူး။

လက်မှတ်ရေးထိုးပွဲကို ဗီယက်နမ် ထိပ်တန်းခေါင်းဆောင် တိုလမ်နဲ့ EFTA အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ဒီသဘောတူညီချက် အကြောင်းကို ဗီယက်နမ်နဲ့ နော်ဝေအစိုးရတို့က တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာပါ။

သဘောတူညီချက်အရ စက်မှုကုန်ပစ္စည်းတွေ၊ ငါးနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ အပါအဝင် ကုန်ပစ္စည်းအမျိုးအစားအချို့အပေါ် ကောက်ခံနေတဲ့ အခွန်တွေကို ဖယ်ရှားတာနဲ့ လျှော့ချတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

နော်ဝေအစိုးရရဲ့ အချက်အလက်တွေအရ နော်ဝေက တင်ပို့တဲ့ ကုန်ပစ္စည်းတွေရဲ့ ထက်ဝက်ခန့်ဟာ သဘောတူညီချက် အသက်ဝင်လာချိန်မှာ အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပြီး ဒီနှစ်အတွင်း တင်ပို့တဲ့ နော်ဝေကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကျော်ကို အခွန်ကင်းလွတ်ခွင့် ပေးသွားဖို့ ရှိပါတယ်။

ဗီယက်နမ်ဟာ ပင်လယ်စာ၊ ဖိနပ်၊ အဝတ်အထည်၊ စက်ပစ္စည်းနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို အဓိကတင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေ၊ ဆေးဝါးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းသုံး ကုန်ကြမ်းတွေကို ပြည်ပကနေ တင်သွင်းနေရပါတယ်။

ဗီယက်နမ်နဲ့ EFTA အဖွဲ့ဝင်နိုင်ငံတွေကြား နှစ်စဉ်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရှိပါတယ်။

အရှေ့တောင်အာရှမှာ စီးပွားရေးတိုးတက်မှု အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ ဒီသဘောတူညီချက်ရရှိဖို့ ၂၀၁၂ ခုနှစ်ကတည်းက ဆွေးနွေးခဲ့တာဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်မှာ ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာမှသာ ပြန်လည်စတင်နိုင်ခဲ့တာပါ။

ဆွေးနွေးမှုတွေကိုတော့ ဒီနှစ် ဇူလိုင်လမှာတော့ ဆွေးနွေးမှုတွေ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလို သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ အမေရိကန်ရဲ့ အခွန်မူဝါဒအသစ်တွေကြောင့် ကမ္ဘာ့ကုန်သွယ်ရေးမှာ မသေချာမရေရာမှုတွေ မြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဗီယက်နမ်ဟာ အမေရိကန်ရဲ့ အခွန်မူဝါဒဆိုင်ရာ ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို ဝါရှင်တန်နဲ့လည်း ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်အစိုးရကတော့ ဒီသဘောတူညီချက်ဟာ စည်းမျဉ်းအခြေခံတဲ့ နိုင်ငံတကာကုန်သွယ်ရေးစနစ်ကို အားကောင်းစေမှာဖြစ်ပြီး ပို့ကုန်၊ သွင်းကုန်ဈေးကွက်တွေကို ပိုမိုကျယ်ပြန့်စေမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့ထုတ်လုပ်မှုနဲ့ ကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်တွေမှာ ဗီယက်နမ်ရဲ့ ပါဝင်နိုင်မှုကိုလည်း မြှင့်တင်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတစ်ဦးကလည်း AFP သတင်းဌာနကို ပြောကြားရာမှာ ဒီသဘောတူညီချက်ဟာ ဈေးကွက်အသစ်တွေ ရှာဖွေဖို့ နှစ်ဖက်ပူးပေါင်းကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံကြီးတစ်နိုင်ငံတည်းအပေါ် ကုန်သွယ်ရေးအရ မှီခိုနေရမှုကို လျှော့ချနိုင်ဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အခုသဘောတူညီချက် အသက်ဝင်လာတဲ့အခါ ဗီယက်နမ်နဲ့ ဥရောပလွတ်လပ်ကုန်သွယ်ရေးအသင်းဝင် နိုင်ငံလေးနိုင်ငံကြား ကုန်သွယ်မှု ပိုမိုတိုးတက်လာနိုင်သလို ကမ္ဘာ့ကုန်သွယ်ရေး အပြောင်းအလဲတွေကြားမှာ ဗီယက်နမ်အတွက် ဈေးကွက်သစ်တွေ ဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

#ကုန်သွယ်ရေး

#မူဝါဒ

#ဥရောပနိုင်ငံ

#ဗီယက်နမ်

See less

ဆက်စပ်သတင်းများ

Eastern Thanlwin