တာချီလိတ်မြို့ ရွှေမြန်မာဟိုတယ်ရှေ့ ဆိုင်ကယ်နှစ်စီးတိုက်မိမှု အတိုက်ခံရသူ သေဆုံး


တာချီလိတ်မြို့ ရွှေမြန်မာဟိုတယ်ရှေ့ ဆိုင်ကယ်နှစ်စီးတိုက်မိမှု အတိုက်ခံရသူ သေဆုံး

၂၀ အောက်တိုဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရွှေမြန်မာ ဟိုတယ်ရှေ့လမ်းဆုံအနီး ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်နှစ်စီးတိုက်မိမှု အတိုက်ခံရသူ အမျိုးသား ဆေးရုံမှာ ကုသနေစဉ် သေဆုံးခဲ့ရတယ်လို့ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာ (၁၈)ရက် ညနေပိုင်းက အားကစားရုံလမ်းကနေ ရွှေမြန်မာဟိုတယ်ရှေ့ လမ်းဆုံအနီး ဦးထွန်းကြိုင် မောင်းနှင်လာတဲ့ WAVE 110 ဆိုင်ကယ်ကို NINJA 400 အမျိုးအစား ဘီးကြီးဆိုင်ကယ် မောင်းနှင်သူ ဖြိုးပြည့်အောင်က အနောက်ကနေ အရှိန်နဲ့ မတော်မဆ ဝင်တိုက်ခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကြောင့် အသက် (၇၁)အရွယ် ဦးထွန်းကြိုင်ဟာ ဆိုင်ကယ် အတိုက်ခံရပြီး အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ဦးခေါင်းထိခိုက်ဒဏ်ရာများ၊ ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာများနဲ့ သတိလစ်နေခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေရာကနေ အောက်တိုဘာလ (၁၉) ရက်မှာ သေဆုံးခဲ့ရတာပါ။

သေဆုံးသူ ဦးထွန်းကြိုင်ရဲ့ ရုပ်အလောင်းကို ဦးလှမိုး တာချီလိတ်လှုမှုကူညီရေးအသင်းက တာချီလိတ်ခရိုင်ပြည့်သူ့ဆေးရုံရဲ့ ရင်ခွဲရုံကနေ သယ်ဆောင်ခဲ့ပြီး ဝမ်ကောင်းဓမ္မာရုံမှာ ထားရှိပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပြေး တိမ်းရှောင်သွားခဲ့တဲ့ ဖြိုးပြည့်အောင်ကို ဘုရင့်နောင်စျေးအတွင်းမှာ ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး တာချီလိတ်ယာဥ်ထိန်းရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ အမှတ်(၁၂၁)ယာဥ်ထိန်းရဲတပ်ဖွဲ့ထံက သိရပါတယ်။

#တာချီလိတ်က

#ဆိုင်ကယ်နှစ်စီးတိုက်မိမှု

#အတိုက်ခံရသူ

#သေဆုံး

ဆက်စပ်သတင်းများ

Eastern Thanlwin