ဘန်ကောက်အိမ်တစ်လုံးမှာ ဆေးခြောက် ၅ တန်ကျော် ဖမ်းမိ၊ မြန်မာအလုပ်သမား ၄ ဦး ပါဝင်


ဘန်ကောက်အိမ်တစ်လုံးမှာ ဆေးခြောက် ၅ တန်ကျော် ဖမ်းမိ၊ မြန်မာအလုပ်သမား ၄ ဦး ပါဝင်

၂၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

IM

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုံးထပ်အိမ်တစ်လုံးကို ဝင်ရောက်စီးနင်းရာမှာ ဆေးခြောက်အဖူး ၅ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာအလုပ်သမား ၄ ဦးအပါအဝင် နိုင်ငံခြားသား ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ဘန်ကောက်မြို့၊ ဘန်ခေန်ခရိုင်၊ ခူဘွန်ရပ်ကွက်၊ ခူဘွန် ၂၇ လမ်းသွယ်၊ လမ်းခွဲ ၁၄ မှာရှိတဲ့ အိမ်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ရာက ဆေးခြောက်တွေဖမ်းဆီးမိခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာအလုပ်သမား ၄ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးတို့ ပါဝင်ပြီး အာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးချိန်မှာ အလုပ်သမားတွေက ဆေးခြောက်အဖူးတွေကို ရွေးချယ်ပြီး ထုပ်ပိုးနေကြတာလို့ သိရပါတယ်။

မြန်မာအလုပ်သမားတွေဟာ လုပ်အားခအနေနဲ့ တစ်ရက်ကို ထိုင်းဘတ် ၂၀၀ ကနေ ၃၀၀ အထိ ရရှိတယ်လို့ ပြောဆိုထားကာ ဗီယက်နမ်နိုင်ငံသားကိုတော့ အဲဒီလုပ်ငန်းကို ကြီးကြပ်စီမံသူအဖြစ် ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။

အဲဒီသုံးထပ်အိမ်ရဲ့ အထပ်တိုင်းမှာ ဆေးခြောက်တွေကို အနက်ရောင်အမှိုက်အိတ်တွေနဲ့ ထည့်သွင်းသိုလှောင်ထားတာ ဖြစ်ပြီး ဒါ့အပြင် ဆေးခြောက်အနံ့ အပြင်ကို မထွက်စေဖို့ လေထုတ်စနစ်ကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

အိမ်နီးချင်းတွေက ဆေးခြောက်အနံ့ ပြင်းပြင်းထွက်နေကြောင်း တိုင်ကြားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က နှစ်လကြာ စောင့်ကြည့်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအိမ်ကို ထိုင်းနိုင်ငံသားတစ်ဦးက ငှားရမ်းပေးခဲ့ပြီး နိုင်ငံခြားသားတွေဟာ အဲဒီနေရာမှာ တစ်နှစ်ကျော်ကြာ နေထိုင်ပြီး လုပ်ကိုင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ လုပ်ငန်းမှာ အသုံးပြုထားတဲ့ လိုင်စင်ဟာ အခြားပြည်နယ်တစ်ခုအတွက် ထုတ်ပေးထားတာဖြစ်ပြီး ဘန်ကောက်မြို့မှာ အသုံးပြုခွင့်မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဆေးခြောက်ရောင်းချတာ၊ ပြုပြင်ထုပ်ပိုးတာနဲ့ ပြည်ပတင်ပို့တာတွေအတွက် သက်ဆိုင်ရာခွင့်ပြုချက်တွေ လိုအပ်တယ်လို့ ဥပဒေအရာရှိတွေက ရှင်းပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ ဆေးခြောက်တွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး ထိုင်းနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်ထားတာ ဟုတ်၊ မဟုတ်နဲ့ ပြည်ပကနေ တင်သွင်းလာတာ ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့က အိမ်ငှားရမ်းပေးခဲ့သူနဲ့ လုပ်ငန်းနောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေပါတယ်။ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်အထိနဲ့ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိ ချမှတ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီအိမ်ဟာ စတုရန်းဝါ ၁၀၀ ခန့် ကျယ်ဝန်းပြီး နေထိုင်ဖို့အပြင် ဆေးခြောက်တွေကို ရွေးချယ်၊ ထုပ်ပိုးပြီး သိုလှောင်ဖို့အတွက်ပါ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

#ဆေးခြောက်

#မြန်မာအလုပ်သမား

#ဘန်ကောက်မြို့

#ထိုင်းနိုင်ငံ

ဆက်စပ်သတင်းများ

Eastern Thanlwin