မိုင်းပွန်ဂိတ်ဖျက်သိမ်းလိုက်ပေမယ့် ကုန်စည်သယ်ယူပို့ဆောင်ခစရိတ်အတွက် ထူးခြားမှု မရှိ


မိုင်းပွန်ဂိတ်ဖျက်သိမ်းလိုက်ပေမယ့် ကုန်စည်သယ်ယူပို့ဆောင်ခစရိတ်အတွက် ထူးခြားမှု မရှိ

၂၀ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ မိုင်းပွန်တံတားဂိတ်ကို ဖျက်သိမ်းပြီး ဟိုပုံးမြို့နယ်အနီး ဌာနဆိုင်ရာအဖွဲ့စုံပါဝင်တဲ့ စုပေါင်းဂိတ်ထပ်မံဖွင့်လှစ်မှာဖြစ်လို့ ကုန်သည် လုပ်ငန်းရှင်တွေအတွက် မိုင်းပွန်ဂိတ်ပိတ်လိုက်ပေမယ့် ထူးခြားမှု မရှိဘူးလို့ ကုန်ကားမောင်းသူတို့ထံက သိရပါတယ်။

မိုင်းပွန်မြို့အထွက်မှာ တပ်မတော်က လုံခြုံရေးကြောင့် ထိန်းချုပ်ထားတဲ့ တံတားဂိတ်ကို အောက်တိုဘာ ၁၈ ရက်က ပိတ်သိမ်းလိုက်တာဖြစ်ပေမယ့် ထိုင်းနဲ့ တရုတ်ကုန်စည်တွေ ကုန်သွယ်ရေးအတွက်တော့ ထူးထူးခြားခြား ပြောင်းလဲမှုရှိလာမှာ မဟုတ်ဘူးလို့ ဒေသခံတို့က ဆိုပါတယ်။

“သူတို့က မိုင်းပွန်တံတားဂိတ်ပိတ်လိုက်ပေမယ့် ဟိုပုံးနားမှာ ကာစတန်နဲ့ တခြားဌာနတွေပါတဲ့ ဂိတ်ထပ်ဖွင့်မယ်ဆိုတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာမရှိပါဘူး။ ကားသမားတွေ ပိုပေးရဖို့ပဲရှိတယ်။ အရင်လို ကုန်တွေကို မိုးရွာထဲ ချပြီး စစ်ချင်တိုင်းစစ်တာတွေ မလုပ်ဖို့ဘဲ ဆုတောင်းတယ်။”လို့ ဒေသတွင်း ကုန်ကားမောင်းသူ တစ်ဦးက ပြောပါတယ်။

ယခင်က မိုင်းပွန်တံတားစစ်ဆေးရေးဂိတ်မှာ ကုန်စည်စစ်ဆေးရေးအတွက် ကုန်တင်ကုန်ချ ကုန်ကျစရိတ်ကို ကုန်သည်လုပ်ငန်းရှင်က ကျပ်(၃)သိန်းခန့် အကုန်ကျခံပြီး အစစ်ဆေးခံရကာ မိုးထဲရေထဲ ကုန်ချ စစ်ဆေးတဲ့အတွက် ပစ္စည်းဆုံးရှုံးနစ်နာမှုတွေရှိတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရက ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် သက်သာစေဖို့ စစ်ဆေးရေးဂိတ် အချို့ကို ပိတ်သိမ်းလိုက်ပေမယ့် မြေပြင်မှာ မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်တွေကို သတ်မှတ်ထားတဲ့ တရားမဝင်ဂိတ်ကြေးတွေ ပေးဆောင်နေရဆဲလို့ သိရပါတယ်။

တာချီလိတ်မှ တောင်ကြီးအထိ လမ်းကြောင်းတစ်လျှောက် ဂိတ်ပေါင်း(၁၀)ခုကျော်ရှိပြီး ခရီးသည်တင် ယာဉ်တစ်စီးကို တရားမဝင် တောင်းခံတဲ့ ဂိတ်ကြေး ကျပ်(၁၀)သိန်းမှ ကျပ်သိန်း(၃၀)အထိပေးရပြီး ကုန်တင်ကား တစ်စီးကို ကျပ်သိန်း(၁၀၀)ကျော် ပေးရတယ်လို့ အရှေ့သံလွင်သတင်းမီဒီယာက စုံစမ်းသိရှိရပါတယ်။

#ကုန်သွယ်ရေး

#စစ်ဆေးရေးဂိတ်

#မိုင်းပွန်ဂိတ်

#ရှမ်းပြည်တောင်ပိုင်း

ဆက်စပ်သတင်းများ

Eastern Thanlwin