၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ စိတ်ကြွဆေးပြားနဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှု စံချိန်တင်မြင့်တက်လာပါတယ်။ ဒီအခြေအနေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ဈေးနှုန်းသက်သာတဲ့ မူးယစ်ဆေးဝါးတွေ ဒေသတွင်းဈေးကွက်ကို အလုံးအရင်းနဲ့ ဝင်ရောက်လာတာနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် ထိုင်းနိုင်ငံဟာ မက်သာဖက်တမင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုရဲ့ အကြီးဆုံးဈေးကွက်တစ်ခု ဖြစ်လာနေပြီး အွန်လိုင်းကနေတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်သလို ဈေးနှုန်းတွေလည်း သိသိသာသာ ကျဆင်းလာတယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ် သုတေသီ ဆယာမောလ် ချာရွန်ရတ်တနာ (Sayamol Charoenratana) က ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံမှာ မက်သာဖက်တမင်း ဆေးပြားတစ်ပြားရဲ့ ဈေးနှုန်းဟာ ဘတ် ၃၀၊ အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၉ ခန့်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ယခင်ဈေးနှုန်းရဲ့ ငါးပုံတစ်ပုံလောက်သာ ရှိတော့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလလယ်ပိုင်းကလည်း ဘန်ကောက်မြို့လယ်ပိုင်းမှာ ကုန်တင်ရထားတစ်စင်းနဲ့ ဘတ်စ်ကားတစ်စီး တိုက်မိခဲ့ပြီး အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရထားမောင်းသူရဲ့ ဆီးစစ်ဆေးချက်အရ မက်သာဖက်တမင်း သုံးစွဲထားကြောင်း တွေ့ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ မက်သာဖက်တမင်း ဖမ်းဆီးရမိမှုပမာဏဟာ တန်ချိန် ၃၄၉ တန်အထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်ထက် ၄၈ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ငါးဆကျော် ပိုများလာတာလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အထိ ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီဒေသနှစ်ခုဟာ ကမ္ဘာတစ်ဝန်း ဖမ်းဆီးရမိတဲ့ မက်သာဖက်တမင်း စုစုပေါင်းအလေးချိန်ရဲ့ ထက်ဝက်နီးပါးကို ပိုင်ဆိုင်ထားပါတယ်။
နိုင်ငံအလိုက် ကြည့်မယ်ဆိုရင် ၂၀၂၅ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဖမ်းဆီးရမိမှုပမာဏ ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာတော့ လေးဆနီးပါး၊ ဖိလစ်ပိုင်နိုင်ငံမှာ သုံးဆနီးပါးအထိ မြင့်တက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံမှာလည်း ၈၀ ရာခိုင်နှုန်းခန့် တိုးလာခဲ့ပါတယ်။
မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ရဲ့ နယ်စပ်တစ်လျှောက်မှာ တည်ရှိတဲ့ ရွှေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ ဟီးရိုးအင်း ထုတ်လုပ်မှု အဓိကအချက်အချာဒေသတွေထဲက တစ်ခုအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့တာပါ။ ဒါပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး ဒေသတွင်း မူးယစ်ဆေးဂိုဏ်းတွေဟာ ဓာတ်ခွဲခန်းတွေမှာ အမြောက်အမြား ထုတ်လုပ်နိုင်တဲ့ မက်သာဖက်တမင်းဘက်ကို ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း ဒီမူးယစ်ဆေးထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု ပိုမိုကျယ်ပြန့်လာရတဲ့ အကြောင်းရင်းတွေထဲမှာ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာထိန်းမှု ပြီးနောက် ဖြစ်ပွားလာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေလည်း ပါဝင်ပါတယ်။
အထူးသဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလဝန်းကျင်ကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်နယ်မြေတွေကို တိုးချဲ့လာတဲ့နောက် မက်သာဖက်တမင်း ရောင်းဝယ်မှုဟာ လက်နက်ဝယ်ယူဖို့ ငွေကြေးရှာဖွေရာမှာ အရေးပါတဲ့ ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာတယ်လို့ သိရပါတယ်။
လက်နက်ကိုင်အဖွဲ့တွေအကြားနဲ့ မြန်မာစစ်တပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုကို တားဆီးဖို့ ဥပဒေစိုးမိုးရေးအဖွဲ့တွေရဲ့ လုပ်ဆောင်နိုင်စွမ်းလည်း အဟန့်အတားဖြစ်နေပါတယ်။
ဒါ့အပြင် အရှေ့တောင်အာရှတစ်ဝန်း ပျံ့နှံ့နေတဲ့ အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေနဲ့ မူးယစ်ဆေးထုတ်လုပ်ရေးလုပ်ငန်းတွေကြား ဆက်နွှယ်မှုတွေကိုလည်း ဖော်ထုတ်တွေ့ရှိလာရပါတယ်။
UNODC ရဲ့ အဆိုအရ ဒီနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ အကြီးစားစီးနင်းရှာဖွေမှုတစ်ခုအတွင်း မက်သာဖက်တမင်း ထုတ်လုပ်ရာနေရာအနီးမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။
မက်သာဖက်တမင်း ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုကွန်ရက်ဟာ အာရှတစ်လွှားကို ချိတ်ဆက်ပျံ့နှံ့နေပါတယ်။ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဒီမူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေကို အဓိကပံ့ပိုးပေးနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
အထူးသဖြင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို ဓာတုပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ ကွန်ရက်မှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အနောက်ပိုင်းက ရွှေလီမြို့ကို ဖြတ်သန်းတဲ့ လမ်းကြောင်းဟာ အဓိကပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
တရုတ်အစိုးရဟာ မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ရှေ့ပြေးဓာတုပစ္စည်းတွေ တင်ပို့မှုအပေါ် ထိန်းချုပ်မှုတွေ တင်းကျပ်ထားပေမဲ့ အဲဒီပစ္စည်းအချို့ကို စက်မှုလုပ်ငန်းတွေမှာ တရားဝင်အသုံးပြုနိုင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အစားထိုးနိုင်ပါတယ်။ ဒါကြောင့် ရာဇဝတ်ဂိုဏ်းတွေဟာ မူးယစ်ဆေးထုတ်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဆက်လက်ရယူနိုင်နေကြတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း အာရှဒေသကနေ ချမ်းသာတဲ့နိုင်ငံတွေဆီ မူးယစ်ဆေး မှောင်ခိုတင်ပို့မှု တိုးလာနေပြီး အရှေ့တောင်အာရှမှာ ရောင်းချနေတဲ့ မူးယစ်ဆေးတွေထက် သန့်စင်မှုမြင့်မားတဲ့ မက်သာဖက်တမင်းတွေကို အဓိကထား တင်ပို့လာကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဖူကူအိုကာလေဆိပ်မှာ ထိုင်းအမျိုးသမီးတစ်ဦးရဲ့ ခရီးဆောင်အိတ်အတွင်းကနေ ပုံဆောင်ခဲပုံစံ မက်သာဖက်တမင်း ၉၀၀ ဂရမ်ခန့်ကို အာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ လေကြောင်းခရီးသည်တွေကနေတစ်ဆင့် စိတ်ကြွဆေးဝါး မှောင်ခိုသယ်ဆောင်မှု ၇၃ မှု ရှိခဲ့ပါတယ်။
ဒါဟာ ယခင်နှစ်ထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာတာဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပမာဏကလည်း ၉၃ ရာခိုင်နှုန်း တိုးလာပြီး ၆၆၄ ကီလိုဂရမ်အထိ ရှိလာခဲ့ပါတယ်။
ချင်းမိုင်တက္ကသိုလ်က ကထိက အပီနွန် အာရမ်ရတ်တနာ (Apinun Aramrattana) ကတော့ သန့်စင်မှုမြင့်မားတဲ့ ပုံဆောင်ခဲပုံစံ မက်သာဖက်တမင်းဟာ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ အဓိကတွေ့ရတဲ့ မူးယစ်ဆေးအမျိုးအစားဖြစ်ပြီး ဈေးနှုန်းမြင့်မြင့်နဲ့ ရောင်းဝယ်ဖောက်ကားနေကြတယ်လို့ ပြောပါတယ်။ အနာဂတ်မှာလည်း မူးယစ်ဆေးမှောင်ခိုတင်ပို့မှုနဲ့ တရားမဝင်ထုတ်လုပ်မှုတွေ ပိုမိုမြင့်တက်လာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ဩဂုတ်လအစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်တစ်ခုမှာတော့ မြန်မာနိုင်ငံ သမ္မတ မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရကူးလ်တို့က မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ရှေ့ပြေးဓာတုပစ္စည်းတွေကို တားဆီးနှိမ်နင်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာစေရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ဖန်တနိုင်းလ် (Fentanyl) လို့ခေါ်တဲ့ ဓာတုနည်းနဲ့ ထုတ်လုပ်ထားတဲ့ အိုပီယွိုက်မူးယစ်ဆေးကြောင့် ပြည်သူ့ကျန်းမာရေးအကျပ်အတည်း ကြီးမားလာနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ ဖန်တနိုင်းလ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေ ပံ့ပိုးပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားပါတယ်။
လက်ရှိအချိန်မှာ မက်သာဖက်တမင်းဟာ ဖန်တနိုင်းလ်လို အတိုင်းအတာကြီးမားတဲ့ ပြဿနာမျိုးအထိ မရောက်ရှိသေးပေမဲ့ မူးယစ်ဆေးမှောင်ခိုကွန်ရက်တွေက နယ်စပ်တွေကို ဖြတ်ကျော်ပြီး ပိုမိုကျယ်ပြန့်လာနေတယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ် သုတေသီ ဆယာမောလ်က ပြောပါတယ်။
မူးယစ်ဆေးမှောင်ခိုတင်ပို့မှုတွေ ဆက်လက်တိုးချဲ့လာမယ်ဆိုရင် ဒီပြဿနာဟာ နိုင်ငံတကာအဆင့်မှာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
(Nikkei Asia News)

