ရန်ကုန်–မန္တလေး အမြန်လမ်းမှာ RFID စနစ် တစ်လအတွင်း ယာဉ်အစီးရေ ၁,၇၀၀ မှာ တပ်ဆင်ပြီးစီး


ရန်ကုန်–မန္တလေး အမြန်လမ်းမှာ RFID စနစ် တစ်လအတွင်း ယာဉ်အစီးရေ ၁,၇၀၀ မှာ တပ်ဆင်ပြီးစီး

၁၉ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ရန်ကုန်–မန္တလေး အမြန်လမ်းမကြီးပေါ် သွားလာတဲ့ ယာဉ်တွေအနေနဲ့ လမ်းတံတားကြေး ပေးဆောင်ရတဲ့ ဂိတ်တွေကို ရပ်တန့်စရာ မလိုဘဲ ဖြတ်သန်းသွားလာနိုင်ဖို့ RFID Toll Pass စနစ်ကို တပ်ဆင်ရာ တစ်လအတွင်း ယာဉ်အစီးရေ ၁,၇၀၀ မှာ တပ်ဆင်ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

RFID စနစ်ကို အသုံးပြုခြင်းက အခွန်ကောက်ခံရေးဂိတ်တွေမှာ ကားတွေ ရပ်စရာမလိုဘဲ ဖြတ်သန်းနိုင်မှာဖြစ်လို့ ခရီးသွားလာချိန် သက်သာစေတဲ့အပြင် ငွေသားနဲ့ ပေးချေရမှုကို တိုက်ရိုက် လျှော့ချနိုင်မှာဖြစ်ပါတယ်။

RFID Toll Pass စနစ်ကို ရန်ကုန်–မန္တလေး အမြန်လမ်းမှာ စက်တင်ဘာ ၁၇ ရက်က စတင်အသုံးပြုခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်အထိ ကိုယ်ပိုင်ကား ၁,၂၀၅ စီးနဲ့ ခရီးသည်တင်ယာဉ် ၄၉၅ စီးမှာ တပ်ဆင်ပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ RFID Toll Pass စနစ်ကို အမှတ် (၃) လမ်းမကြီးနဲ့ အမြန်လမ်းမကြီးဆုံရာ၊ နေပြည်တော် C လမ်းဆုံနဲ့ ဆက်ကအင်းလမ်းဆုံတို့မှာ တပ်ဆင်ပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ စနစ်တပ်ဆင်လိုတဲ့ ယာဉ်ပိုင်ရှင်တွေဟာ စမတ်ဖုန်း၊ တပ်ဆင်မယ့်ယာဉ်နဲ့ ယာဉ်မှတ်ပုံတင်စာရွက် (ဝှီးတက်) တို့ ယူဆောင်လာဖို့ လိုအပ်ပါတယ်။

အနည်းဆုံး ကြိုတင်ငွေဖြည့်သွင်းမှု ၅၀,၀၀၀ TPU နဲ့ ညီမျှတဲ့ ကျပ်ငွေ၊ RFID စ‌တေကာနဲ့ တစ်နှစ်စာဝန်ဆောင်ခ ၂၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး စနစ်အသုံးပြုမှု တစ်ခုလုံးကို My Toll Pass အက်ပ်မှ တစ်ဆင့် လက်ကျန်ငွေနဲ့ ဖြတ်တောက်ထားတဲ့ လမ်းအသုံးပြုခကို စစ်ဆေးနိုင်ပါတယ်။

Toll Pass RFID စနစ်ကို အမြန်လမ်းတစ်လျှောက်ရှိ အခွန်ကောက်ခံရေးဂိတ် ၆ ခုမှာ စမ်းသပ်အသုံးပြုခဲ့ပြီး ယာဉ်ဖြတ်သန်းမှုဆိုင်ရာ အချက်အလက်တွေ ပိုမိုတိကျစွာ မှတ်တမ်းတင်နိုင်ဖို့နဲ့ ငွေသားမဲ့ပေးချေမှုကို အထောက်အကူပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အမြန်လမ်းပေါ်ရှိ ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေမှာ Telematics စနစ်တပ်ဆင်ပြီး ယာဉ်အခြေအနေကို စောင့်ကြည့်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေတယ်လို့ ဆောက်လုပ်ရေး၀န်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

#ရန်ကုန်–မန္တလေး

#အမြန်လမ်း

#RFIDစနစ်

#ယာဉ်အစီးရေ

ဆက်စပ်သတင်းများ

Eastern Thanlwin