UMFCCI က အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ ဖွဲ့စည်းမယ်


UMFCCI က အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့ ဖွဲ့စည်းမယ်

၁၈ အောက်တိုဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တည်ငြိမ်စေဖို့နဲ့ စားသုံးသူတွေ ကုန်ပစ္စည်းတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်ဖို့အတွက် “UMFCCI အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့” ကို ပုဂ္ဂလိက ကဏ္ဍအတွင်း အမြန်ဆုံး ဖွဲ့စည်းသွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က အောက်တိုဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ဆန်၊ ပဲမျိုးစုံ၊ စားသုံးဆီ၊ မွေးမြူရေးနဲ့ တိရစ္ဆာန်အစာ ထုတ်လုပ်ရေးကဏ္ဍတွေအတွက် ကုန်ကြမ်းလုံလောက်စွာ ရရှိရေး၊ ဘဏ်ချေးငွေနဲ့ လုပ်ငန်းလည်ပတ်ဖို့ အရင်းအနှီးရရှိရေး အခက်အခဲတွေကို ဆွေးနွေးခဲ့ကြပါတဲ့ အပြင် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေးနဲ့ ကွန်တိန်နာစရိတ် မြင့်တက်နေမှုတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

စိုက်ပျိုးရေးထုတ်လုပ်မှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ စုစည်းပြီး သက်ဆိုင်ရာဌာနတွေထံ တင်ပြသွားမှာဖြစ်သလို ဈေးကွက်နဲ့ ငွေလဲနှုန်းတည်ငြိမ်ရေးအတွက် မူဝါဒဆိုင်ရာ အကြံပြုချက်တွေကိုလည်း စုပေါင်းတင်ပြသွားမယ်လို့ UMFCCI က ထုတ်ပြန်ပါတယ်။

ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခြင်းက အခြေခံစားသောက်ကုန်ဈေးကွက်ကို စောင့်ကြည့်ထိန်းညှိရာမှာ အထောက်အကူပြုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#UMFCCI

#အခြေခံစားသောက်ကုန်

#စက်မှုလက်မှုလုပ်ငန်း

#ပုဂ္ဂလိကလုပ်ငန်း

ဆက်စပ်သတင်းများ

Eastern Thanlwin