ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်မှုများ တားဆီးရန် ကင်းလှည့်စစ်ဆေးမှုများ တိုးမြှင့်


ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ထွက်မှုများ တားဆီးရန် ကင်းလှည့်စစ်ဆေးမှုများ တိုးမြှင့်

၂၀ အောက်တိုဘာ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ထွက်မှုများနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းများကို တားဆီးနိုင်ရန် ထိုင်းနိုင်ငံ အမှတ် ၃၅ နယ်ခြားစောင့်တပ်ဖွဲ့က ကင်းလှည့်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း တွေကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ရွေ့လျားစစ်ဆင်ရေးအဖွဲ့က တပ်ခွဲအမှတ် ၃၅၀၆ နှင့် ပူးပေါင်းကာ နယ်စပ်တစ်လျှောက်ရှိ လမ်းကြောင်းများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်သည့် နေရာများ၊ သဘာဝအတိုင်း ဖြတ်သန်းသွားလာနိုင်သည့် လမ်းကြောင်းတွေနဲ့ သောင်ရင်းမြစ်ကမ်းတစ်လျှောက် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ယင်းသို့ ဆောင်ရွက်ရာမှာ နယ်စပ်ဖြတ်ကျော်သွားလာမှုများကို စောင့်ကြည့်စစ်ဆေးခြင်းအပြင် လုံခြုံရေးအင်အားပြသတဲ့ လှုပ်ရှားမှုများကိုပါ လုပ်ဆောင်နေပြီး နယ်စပ်ဒေသအတွင်း တရားမဝင် ဝင်ထွက် သွားလာမှုများနှင့် ဥပဒေမဲ့လုပ်ဆောင်မှုများကို တားဆီးနိုင်ရန် ရည်ရွယ်ထားတာလို့ သိရပါတယ်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ လူကုန်ကူးမှုများနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေတဲ့ အဖွဲ့များရဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ထွက်မှုများကို နှိမ်နင်းတားဆီးရန်လည်း အဆိုပါ စစ်ဆင်ရေးများကို အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အလားတူ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်း၊ တင်ပို့မှုများနဲ့ အခြားတရားမဝင် လုပ်ငန်းများကိုလည်း တားဆီးနိုင်ရန် နယ်စပ်လမ်းကြောင်းများ၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက် လုံခြုံရေးစောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

#ထိုင်း-မြန်မာနယ်စပ်

#တရားမဝင်ဝင်ထွက်မှု

#ကင်းလှည့်စစ်ဆေး

ဆက်စပ်သတင်းများ

Eastern Thanlwin