၂၀ အောက်တိုဘာ ၂၀၂၆(Eastern ThanLwin)
ကိုဇက်
ရွှေတြိဂံဧရိယာအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အောက်တိုဘာ တစ်လအတွင်း ထိုင်းအာဏာပိုင်တွေက မူးယစ်အထူးစစ်ဆင်ရေးအနေနဲ့ အမှုပေါင်း(၉)မှုနဲ့ စိတ်ကြွဆေးပြားပေါင်း (၂၆)သန်းကျော် ဖမ်းဆီးနိုင်ခဲ့ပေမယ့် မြန်မာဘက်မှာတော့ ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ အနည်းငယ်သာရှိသေးတယ်လို့ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မယ်ဆိုင်မြို့နယ်အတွင်း ထိုင်းမူးယစ်တပ်ဖွဲ့က စိတ်ကြွဆေးပြား (၂၆.၅)သန်း၊ အိုက်စ် (၆၃၇)ကီလိုနဲ့ ကတမင်း (၁၀)ကီလို ဖမ်းဆီးရမိခဲ့ပေမယ့် မြန်မာဘက်က မူးယစ်တပ်ဖွဲ့က ဖမ်းဆီးရမိတဲ့အရေအတွက်မှာ အမှုပေါင်း(၄)မှု စိတ်ကြွဆေးပြား(၇၇၀၀)နဲ့ ကက်တမင်း (၂၇)လီတာကျော်သာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်သွားတဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးတွေဟာ မြန်မာနဲ့ လာအိုနိုင်ငံအတွင်းက ထွက်ရှိတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး ထိုင်းနိုင်ငံမှတဆင့် ဥရောပနိုင်ငံများအပါအဝင် တစ်ကမ္ဘာလုံးကို ပျံနှံနေတာဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းက ဖော်ပြထားပါတယ်။
“ဟိုနေ့က တာချီလိတ်မြို့လယ်ခေါင်က မီးပွိုင်နားမှာ လူတစ်ယောက် ဆေးကိုပေါ်တင်ကြီးရှုနေတာ။ နောက်ပြီး ဆေးက အလွယ်တကူလည်း ဝယ်လို့ရနေတာ။ နိုင်ငံတကာက ပြောတာမှန်တယ်။ တာချီလိတ်ထဲမှာ ကြိုက်တဲ့ဆေးပြော အလွယ်တကူဝယ်လို့ရတယ်”လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အာခါဈေးအနီးမှာ လောင်းကစား ငါးခုံတွေမှာ မူးယစ်ဆေးဝါး အလွယ်တကူဝယ်ယူလို့ ရနေတဲ့အပြင် မူးယစ်တပ်ဖွဲ့က လိုင်းကြေးယူဆောင်ကာ အကာအကွယ်ပေးထားတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ဒေသတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေနဲ့ ပတ်သတ်ပြီး အချက်အလက်တွေကိုသိရှိဖို့ အရှေ့သံလွင်သတင်းဌာနက မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်က ဒုရဲမှူး သောင်းရွှေကို အကြိမ်ကြိမ်ဖုန်းဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
ထိုင်းနိုင်ငံက ထုတ်ပြန်တဲ့ သတင်းတွေအရ ၂၀၂၅ အောက်တိုဘာ (၁)ရက်နေ့ မှ ၂၀၂၆ အောက်တိုဘာ (၂၀)ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း (၁၄,၃၇၃)ဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြားပေါင်း (၂၆၈)သန်းဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

